Monday 30 May 2011

ဟောင်ကောင်တက္ကသိုလ်နှစ် ၁၀၀ပြည့်---ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား
By ဒေါ်ခင်မျိုးသက်  တနင်္လာ, 30 မေ 2011

ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်ကတဆင့် ဖြေကြားသွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။


ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်တို့ ရန်ကုန်တွင် တွေ့ဆုံစဉ်။


အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

Sunday 29 May 2011

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 
U Tin Oo's Introductory remark

ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ
ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း
ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင်
ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဒီပဲယင်းအ၀င်လမ်း

၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ
အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း
မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်
ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

၉၀ ရလဒ်သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော

၉၀ ရလဒ်သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော

လင်းသန့် Friday, 27 May 2011 18:10

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခြင်းသည် ပြည်သူ့ဆန္ဒကိုချေဖျက်ခြင်းဖြစ်ပြီး ဒီမိုကရေစီမဆန်ဘဲ တိုင်းပြည် ၏ သမိုင်းအတွက် သိက္ခာကျစေသောလုပ်ရပ်ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသော၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတနိုင်ငံ ဂုဏ်သိက္ခာရှိဖို့ဆိုတာက ပြည်သူ့ဆန္ဒကိုလေးစားရမယ်။ ပြည်သူကို မလှည့်ဖျားရဘူး၊ အခုစကား တမျိုး ပြော၊ နောက် စကားတမျိုးပြော လုပ်လို့မရဘူး၊ ၉၀ ရလဒ် အသိအမှတ်မပြုတာကို ကျမတို့က အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မျှော်လင့်ချက်တွေပေးပြီး ချေဖျက်လို့ မလုပ်ကောင်းတဲ့ကိစ္စ”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီ မရှိသော နိုင်ငံများတွင်လည်း ရွေးကောက်ပွဲ ရှိနေ ကြောင်း၊ ဒီမိုကရေစီ ရှိမရှိ တိုင်းတာနိုင်သည့် အချက်တခုမှာ တရားဥပဒေ စိုးမိုးရေးဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် နိုင်ငံ ရေးလုပ်သူများကို တရားဥပဒေနဲ့အညီ ဖမ်းဆီးအကျဉ်းချခဲ့ခြင်း မဟုတ်ဘဲ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း NLD ဌာနချုပ်တွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

NLD ဌာနချုပ်၌ ယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ စုစုပေါင်း တက်ရောက်သူ ၁၀၀၀ ကျော်တက်ရောက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်များက လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ ကို ဂုဏ်ပြုစကားများ၊ အားပေးစကားများ ပြောကြားပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း ကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်းများကို ပြန်လည် ပြောကြားခဲ့ သည် ဟု သိရသည်။

“လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲတာ သတ္တိလို့ ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ်။ ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ။ ကိုယ်တယောက်ချင်း အတွက်မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာ သောနိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ပြောသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်ကလည်း“ဦးတင်ဦးက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုစကားပြောတယ်၊ ပြီးတော့ လွတ်ငြိမ်းချမ်းသာ က အစစ်မဟုတ်လို့ ဒီထက်ပိုပြီး တကယ့် နိုင်ငံရေးအကျဉ်းသားတွေ ထပ် လွတ်စေဖို့ လုပ်ဆောင်သွားမယ်လည်း ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

နေ့လယ်ပိုင်းတွင် စာတမ်းဖတ်ပွဲအနေဖြင့် စာတမ်းသုံးဆောင်ကို ဖတ်ကြားကြောင်း သိရသည်။ ပထမဦးစွာ ၁၉၉၀ ရွေးကောက်ပွဲအား တိုင်းရင်းသားပါတီများ အဘယ်ကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဆိုသည့် တိုင်းရင်းသားများ၏ အမြင် ဆိုင်ရာ စာတမ်းကို ရှမ်း တိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ ဦးစိုင်းစောအောင်က လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အကြောင်းအရင်းများကို NLD မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းမြင့်က လည်းကောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲကို အဘယ်ကြောင့် ၀င်ရောက်မယှဉ်ပြိုင်ကြောင်း စာတမ်းကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက လည်းကောင်း ဆွေးနွေးသွားကြသည်။

“ကိုဖြိုးမင်းသိန်း စာတမ်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို နိုင်းယှဉ်ပြီး ကြံ့ခိုင်ရေးပါတီဟာ လူမှုရေး အသင်းကနေ ရွေးကောက်ပွဲနီးမှ ပါတီပြောင်းလိုက်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီမရှိဘူး ဆိုတာတွေကို ဆွေးနွေးသွားတယ်”ဟု ဦးဝင်းထိန် က ရှင်းပြသည်။

အဆိုပါအခမ်းအနားသို့ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်မှာ မိန့်ခွန်းပြောရန် စီစဉ် ထားခဲ့သော် လည်း ကျန်းမာရေးချို့ယွင်းနေသည့်အတွက် တက်ရောက်လာနိုင်ခြင်းမရှိကြောင်း စာတမ်းဖတ်ကြားခဲ့သူ ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဒီနေ့ အခမ်းအနားက တော်တော်စည်တယ်။ တက်လာတဲ့သူတွေက ခန်းမအပြင်မှာတွေရော ရုံးချုပ်အပြင်ဘက်ထိပါ ပြည့် လျှံနေတာ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်ကျင်းပခဲ့သော ရွေးကောက်ပွဲအောင်ပွဲ နှစ်ပတ်လည်အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး နေ အိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီး ပထမဆုံး ကျင်းပခြင်းဖြစ်သည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတ၀န်း ဆန္ဒမဲ ၈၀ ရာခိုင်နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့် ပါတီဖြစ်သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေး ရန်တာဝန် ပျက်ကွက်ခဲ့ သည်။

ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။

Friday 20 May 2011

တွေ့ ဆုံဆွေးနွေးမှသာ ပြဿနာပြေလည် နိုင်ကြောင်း ကိုဌေးကြွယ် ပြောဆို

တွေ့ ဆုံဆွေးနွေးမှသာ ပြဿနာပြေလည် နိုင်ကြောင်း ကိုဌေးကြွယ် ပြောဆို
-အောင်မျိုးထွန်း -20,5, 2011။-


ကိုဌေးကြွယ်

မြန်မာနိုင်ငံရဲ့ ပြဿနာ တွေ ပြေလည်ဖို့  ဆိုရင် အကြောင်းအရာ တစ်ခုချင်း ဆီ ဆန်စင်ရာ ကျည်ပွေ့ လိုက်သလို ဖြေရှင်းဖို့ ကြိုးစား နေတာမျိုးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုနဲ့  တွေ့ ဆုံဆွေးနွေး ဖြေရှင်းသင့်တယ်လို့  ဘူးသီးတောင် ထောင်မှာ အကျဉ်းကျ နေတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ပြောလိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရက အကျဉ်းသားတွေကို တစ်နှစ်လျှော့ပေါ့ ပေးလိုက်တယ်ဆိုတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ထွက်လာပြီး နောက်တစ်နေ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ တဲ့အခါ ပြောဆို လိုက်တာပါ။
လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက် အပေါ်မှာလည်း သူတို့ လိုနှစ်ရှည် အကျဉ်းကျ သမားတွေ အတွက်တော့ ဟာသတစ်ခုသာ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။



ကိုဌေးကြွယ်က ထောင်ဝင်စာသွားရောက်တွေ့ ဆုံခဲ့တဲ့ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းက RFA ကို အခုလိုပြော ပါတယ်။

“တိုင်းပြည်ရဲ့ အခြေအနေတွေကိုပေါ့နော်၊ ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေပေါ်မှာဘဲ လိုက်ပြီး ဆောင်ရွက် နေတာနဲ့ စာရင် အပြောင်းအလဲ တစ်ရပ်ကို ဖြစ်စေ နိုင်မယ့် တွေ့ ဆုံဆွေးနွေး မှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုနဲ့ ဆောင်ရွက် သင့်တယ်လို့ ဒါ သူတို့ ကတော့ အဲဒီလိုအမြင် ရှိတယ်ပေါ့ဗျာ..”

အရင်အစိုးရလက်ထက်မှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေကို ထောင် (၆၅)နှစ်နဲ့  (၆)လစီ ချမှတ်ခဲ့ပါတယ်။
လက်ရှိ ဦးသိန်းစိန်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး အကျဉ်းသား ပေါင်း တစ်သောင်းခွဲနီးပါး လွှတ်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ဦးရေ အနည်း အကျဉ်းသာ ပါဝင်ခဲ့ ပါတယ်။

ဘူးသီးတောင်ထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၂)ဦးဘဲရှိတယ်လို့ သိရပါတယ်။



မျှဝေပေးပို့ သူ-- အောင်မျိုးထွန်း
RFA မြန်မာပိုင်းသတင်းမှ ကူးယူပေးပို့ ပါသည်။



အစိုးရသစ်၏ အကြံပေးဆိုသူတို့နှင့် အတိုက်အခံတို့  အခြေအနေ သဘောထားကို စဉ်းစားချင့်ချိန် နိုင်ပါရန်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။ ( ဟစ်တိုင်)

20,5, 2011

Saturday 14 May 2011

သန်းရွှေ၊ မောင်အေး ဖြုတ်ချရေး စီမံချက်...ဆက်၍လုပ်ဆောင်နေရမည်

သန်းရွှေ၊ မောင်အေး ဖြုတ်ချရေး စီမံချက်
အောင်လင်းထွဋ် (ထောက်လှမ်းရေးအရာရှိဟောင်း)

သတင်း

၁။ မြန်မာ့တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများ၊ အရာရှိငယ်များ၊ အခြားအ ဆင့်များသည် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ ခေါင်းဆောင်မှုကို စိတ်ပျက်လျက်ရှိပါသည်။

၂။ အထက်ပါ သန်းရွှေနှင့်မောင်အေးတို့ကို ဖြုတ်ချပြီး အခြားစစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင် ငံအဖြစ် ဖြစ်စေလိုကြောင်း သိရပါသည်။

ရည်ရွယ်ချက်

၃။ သန်းရွှေနှင့် မောင်အေးကို ဖယ်ရှားပြီး တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းကာ မြန်မာနိုင်ငံ အား ဒီမိုကရေစီကျင့်သုံးသော နိုင်ငံဖြစ်စေရန်။

လုပ်နည်း

၎။ အကြမ်းဖျင်း စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ်ပြောင်းလဲရေး
(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂတ်မျှော်လင့်ချက်များ ပေးရေး
(ဂ) စစ်ခေါင်းဆောင်များ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး
(ဃ) တိုင်းပြည်၏ ဘဏ္ဍာများကို အလွဲသုံးစား ပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖော် ထုတ်ရေး
(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သား မိသားစုများ၏ ဘ၀ကို နှိုင်းယှဉ်ပြသရေး
(စ) ပြည်တွင်းပြည်ပ အစိုးရ၊ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရှိရေး
(ဆ) မြန်မာနိုင်ငံသား ပြည်သူလူထုအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ တပ်မတော်သားတို့တွင်လည်း တာ ၀န်ရှိကြောင်း အသိပေးရေး
(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

၅။ အသေးစိတ် စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ် ပြောင်းလဲရေး။

တပ်မတော်သားများသည် သင်တန်းများ၊ တပ်တွင်း ဆွေးနွေးပွဲများတွင်လည်းကောင်း၊ လစဉ်ဆန္ဒဖော်ထုတ်ပွဲ များတွင်လည်းကောင်း၊ တပ်မှူးကြီးများ တပ်စစ်ဆေးစဉ်အခါများတွင်လည်းကောင်း ညွှန်ကြားချက်တခုအနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တပ်မတော်ရန်သူအဖြစ် စိတ်ဓာတ်သွင်း ပေးထားခြင်း၊ Brain Wash လုပ်ထားခြင်းကို မဟုတ်မှန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ် မည်သို့အကောင်းမြင်ကြောင်းနှင့် တပ်မတော်သားမိသားစုတို့အပေါ်ထားရှိသော စိတ်ကောင်းစေတနာများကို ၄င်းတို့ နားလည်သဘောပေါက်လာအောင် ပထမပြောရပါမည်။ လက်ရှိမြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေ များကို ၄င်းတို့၏ ဦးခေါင်းအတွင်း စဉ်ဆက်မပြတ် နားထောင်နေစေရပါမည်။ စစ်ခေါင်းဆောင်များ၏ လက်ရှိ ကျင့်သုံးနေသော မူဝါဒများသည် မှားယွင်းနေကြောင်းကို စဉ်ဆက်မပြတ် ဦးနှောက်ထဲထည့်ပြီး စဉ်းစားနေစေ ရန် တန်ပြန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂါတ်မျှော်လင့်ချက်ပေးရေး

တပ်မတော်သားမိသားစုများ၏ သားသမီးများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေရေးထိုင်ရေး၊ စားဝတ်နေ ရေးချို့တဲ့နေမှုများနှင့် စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေးများ၏ဘ၀ကို နှိုင်းယှဉ်ပြီး ဒီစစ်ခေါင်း ဆောင်ကြီးတွေသာ ပြုတ်ကျသွားလျှင် ၄င်းတို့၏ မိသားစုအနာဂါတ်ဘ၀များ မည်သို့မည်ပုံ တိုးတက်လာမည် ဆိုသည့် မျှော်လင့်ချက်များကို အသိပေးရပါမည်။

(ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး

စစ်ခေါင်းဆောင်ကြီးများ၏ မတရားမှုများ၊ ငွေကြေးအရှုပ်များ၊ မိန်းမရှုပ်ထွေးမှုများ၊ စီးပွားရေးမသမာမှုများ၊ မိ သားစုစီးပွားရေးလုပ်ငန်းများ၊ တိုင်းပြည်မှ မတရားရယူထားသော ပစ္စည်းများကို စုံစမ်းဖော်ထုတ်ပြီး တပ်မ တော်သားများအားလုံး သိစေရန်အတွက် ဆောင်ရွက်ပေးရပါမည်။

(ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး

ဓာတ်ငွေ့၊ လယ်ယာ၊ သစ်တော၊ သတ္တု၊ သားငါးတို့မှရရှိသော ဘဏ္ဍာငွေများကို ပြည်သူလူထု၏ လိုအပ်ချက် ပညာရေး၊ ကျန်းမာရေးတို့တွင်အသုံးမပြုဘဲ အခြားနေရာများတွင် သုံးစွဲနေမှုများသည် တပ်မတော်သားမိသား စုများပါ နစ်နာနေရသည်ကို နားလည်အောင်အသိပေးရမည်။

(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သားမိသားစုဘ၀ကို နှိုင်းယှဉ်ပြသရေး

စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေး ဆွေမျိုးများ၏ ပညာရေး၊ နေထိုင်စားသောက်ရေး၊ မတရားကြီး ပွားချမ်းသာနေမှုများ၊ မတရားမှုများ အစရှိသည့်သတင်းများကို ဖော်ထုတ်ပြသပြီး တပ်မတော်သားမိသားစု များ၏ ဆင်းရဲကြပ်တည်းမှုများ၊ နေရေးအခက်အခဲများ၊ စားသောက်ရေးအခက်အခဲများ၊ အနာဂတ်ပျောက်နေ မှုများကို မီးမောင်းထိုးပြပြီး ကွာဟနေမှုများကို အသိပေးရမည်။

(စ) ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရေး

စစ်အစိုးရမှ သွေးခွဲထားမှုအပေါ် တပ်မတော်နှင့် အတိုက်အခံများအကြား တစုံတရာ နားလည်မှုရရှိရန် ညိနှိုင်း ပေးရပါမည်။

(ဆ) မြန်မာနိုင်ငံ ပြည်သူလူထုအားလုံးအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး တပ်မတော်သားတို့တွင်လည်း တာဝန်ရှိကြောင်း အသိပေးရေး

ပြည်သူလူထုဆိုသည်မှာ တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ တိုင်းပြည်ဒုက္ခရောက်နေသည်မှာ စစ် ခေါင်းဆောင်များကြောင့်ဖြစ်ကြောင်း၊ စစ်ကျွန်ပြုခံနေရသူထဲတွင် တပ်မတော်သားများလည်းပါကြောင်း၊ တိုင်း ပြည်ကိုကယ်တင်ရန် တပ်မတော်သားများသည်လည်း အရေးပါကြောင်း တာဝန်ရှိကြောင်းကို စဉ်ဆက်မပြတ် အသိပေး နှိုးဆော်နေရပါမည်။

(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသော အမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

အထက်ဖော်ပြပါ မကျေနပ်ချက်များကို တပ်မတော်သားတို့၏ ဦးနှောက်အတွင်း စွဲမြဲလာပြီဆိုပါက ပထမဦးစွာ မတရားသောအမိန့်များကို တပ်မတော်သားများ ဆန့်ကျင့်လာစေရန် လမ်းညွှန်မှုများ ပြုလုပ်ရပါမည်။ အမိန့်မ နာခံမှုကို စစ်သည်တစ်ဦးချင်းမှသည် တရာ၊ တထောင်၊ တသောင်း ဖြစ်လာစေရန် နည်းလမ်းပေါင်းစုံသုံးပြီး နှိုး ဆွပေးရပါမည်။ ၄င်းတို့၏ မနာခံမှုကို ပြည်သူလူထုကလည်း ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်လာလိမ့်မည် ဆိုသည့် ယုံကြည်မှုများရှိအောင် ဆောင်ရွက်ပေးရပါမည်။

အသေးစိတ်စီမံချက်များ အောင်မြင်ခဲ့ပြီဆိုပါက တပ်မတော်မှပေါ်ထွက်လာမည့် ခေါင်းဆောင်နှင့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ၀င်ရောက်ညှိနှိုင်းပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး ဆောင် ရွက်ရပါမည်။

လိုအပ်ချက်များ

၆။ ခေတ်မီဆက်သွယ်ရေး အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ (ဥပမာ - ကွန်ပြူတာ၊ ဂြိုလ်တုဖုန်း၊ USB)
၇။ အသံလွှင့်ဌာနများမှ ထုတ်လွှင့်ချက်များကို နားထောင်နိုင်ရန် Radio များ။
၈။ စစ်ခေါင်းဆောင်ကြီးများ၏ သတင်းများ၊ လျှို့ ဝှက်ချက်များကို သိရှိနိုင်ရန် ခေတ်မီထောက်လှမ်းရေးပစ္စည်း များ။
၉။ သတင်းများရယူရေး အပါအ၀င် အထွေထွေကိစ္စများတွင် သုံးစွဲရန်အတွက် ငွေကြေးလိုအပ်ပါသည်။

အောင်လင်းထွဋ်
(ထောက်လှမ်းရေးအရာရှိဟောင်း)
နေ့စွဲ - ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်
နေရာ - ၀ါရှင်တန်မြို့ 

Monday 9 May 2011

ကေအင်ယူနဲ့ မြန်မာတပ်တွေ တိုက်ပွဲဖြစ်

ကေအင်ယူနဲ့ မြန်မာတပ်တွေ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက်မိုင် ၅၀ လောက်အကွာက မောင့်ဘောထဆိုတဲ့ နေရာမှာ လှုပ်ရှားနေတဲ့၊ ကေအင်ယူ၊ ကရင်အမျိုးသားအစည်းရုံးရဲ့တပ်ရင်း၂၀၁ လက်အောက်ခံ စစ်ကြောင်းနဲ့ နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့ မြန်မာအစိုးရရဲ့ ခမရ ၃၇၂ ရဲ့စစ်ကြောင်း တကြောင်းတို့ဟာ မနေ့တုံးက မွန်းလွဲပိုင်းမှာ တွေ့ဆုံပြီး၊ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြင်သတင်းအရ နအဖဖက်က ခမရ ၃၇၂က ၆ ယောက်သေ၊ ၇ ယောက်ဒါဏ်ရာရတယ်လို့ ကေအင်ယူတပ်ရင်း ၂၀၁ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က ပြောပါ တယ်။

ကေအင်ယူဖက်က အသေအပျောက် မရှိဘူးလို့ ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အခုရက်ပိုင်းမှာ ထိုင်း၊မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲမှာ၊မိုးဆက်တိုက်ရွာနေပေမဲ့လည်း၊ မြန်မာ အစိုးရတပ်တွေက၊ စစ်ဆင်ရေးတွေ အဆက်မပြတ် လုပ်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ၊ထိုင်းနိုင်ငံ၊ တာခ်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အပြောအရ၊ မြန်မာအစိုးရစစ်တပ်တွေဟာ မြဝတီမြို့တောင်ဖက်က လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို တောင်ဖက်ပိုကျတဲ့ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူကြားက တောအုပ်ထဲကိုတွန်းပို့ပြီးတော့၊ နယ်မြေရှင်းလင်းရေးလုပ် နေတယ်လို့ဆိုပါတယ်။

ဒါဟာ ထိုင်းနဲ့မြန်မာနယ်စပ်တလျှောက်မှာ အထူး စီးပွားရေး ဇုံအပြင်ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့အတွက် မြန်မာဖက်က နယ်မြေရှင်းလင်းရေးလုပ်တာ ဖြစ်နိုင်တယ်လို့နယ်စပ်က၊ ကုန်သည်တွေကပြောပါတယ်။

ဒါပေမဲ့လည်း၊နှစ်ပေါင်း ၆၀ ကျော်၊ မြန်မာအစိုးရအဆက်ဆက်ကို တော်လှန်ပုန်ကန်နေတဲ့၊လူမျိုးစု လက်နက်ကိုင်တွေကို လက်ရှိအစိုးရကကော သူတို့ဖြစ်ချင်တဲ့ပုံစံမျိုးရအောင် တိုက်ခိုက်နိုင်မလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ နယ်စပ်က၊အကဲခတ်တွေကပြောပါတယ်။

UNFC က အမြန်ဆုံး ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်လို

UNFC က အမြန်ဆုံး ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်လို

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့

မကြာခင်က ပြည်ပမှာ ဖွဲ့စည်းခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ အဖြစ်ချင်ဆုံးက အမြန်ဆုံး ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးလို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

UNFC ဟာ မြန်မာအစိုးရနဲ့ အပစ်ရပ် ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ အပစ်အခတ် ရပ်စဲမထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တွေရော ပါဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးအတွက် ပါဝင်တဲ့ အဖွဲ့တွေ အနေနဲ့ စစ်ရေးသဘောတူညီချက်သာမက ၊ နိုင်ငံရေးအရ နဲ့ ဖွဲ့စည်းပုံဆိုင်ရာပါ သဘောတူညီကြဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီအတွက် UNFC ဟာ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ အားလုံး သဘောတူအောင် ကြိုးစားကြလိမ့်မယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

ပြည်ထောင်စုတပ်မတော် လက်တွေ့ ပေါ်ပေါက်နိုင်ရေးဟာ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမလဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။

Friday 6 May 2011

အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ

အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက်အစိုးရ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၂) လက် အောက် ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့ကကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA)ထံသို့လာရောက် လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။
KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၁၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊  MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟုပြော သည်။

အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း (၁၀၁) ထိန်းချုပ် ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ ဆန္ဒအတိုင်းစီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။

ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၁၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏထွက်ပြေးရောက်ရှိ လာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့်အစိုးရစစ်သည် များဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် စစ်သည် ၂၀ကျော်သည်လစာဖြတ်တောက်ခံရမှု နှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဇာဂနာကို အရင်ဆုံး တွေ့ချင်ဟု ကျော်သူ ပြော


ဇာဂနာကို အရင်ဆုံး တွေ့ချင်ဟု ကျော်သူ ပြော

နယူးဒေလီ (မဇ္ဈိမ) ။        ။ သမ္မတဦးသိန်းစိန် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးပါကမိတ်ဆွေ ဖြစ်သူ ဇာဂနာကို ဦးစွာတွေ့လိုကြောင်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောဆိုသည်။
inseinprisons
နာမည်ဆိုးဖြင့် ကျော်ကြားလှသော အင်းစိန်ထောင်ရှေ့မှ ကလေးငယ်တဦး ဖြတ်လျှောက်သွားစဉ် (ဓါတ်ပုံ မဇ္ဈိမ)
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုတွင် ဦးကျော်သူကိုယ်တိုင် လက်မှတ်ထိုးပြီး သူ၏ အသင်းသားနှင့် ဝန်ထမ်း စုစုပေါင်း ၁ဝ၈ ဦးထံမှပါ လက်မှတ်များ ကောက်ခံထားပြီး ဖြစ်သည်။

“မျှော်လင့်ချက်ကတော့ အားလုံးလွတ်စေချင်တဲ့ ဆန္ဒရှိတာပေါ့လေ။ တပြိုင်နက် အားလုံး လွှတ်ပေးလိုက်ရင် အကောင်းဆုံးပေါ့။ ကျနော်ကတော့ ကျနော့်မိတ်ဆွေကြီး ဇာဂနာပေါ့ဗျာ” ဟု ဦးကျော်သူက မဇ္ဈိမကိုပြော သည်။

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း တပတ်ခန့် အဖမ်းခံခဲ့ရသည့် သူက ယုံကြည် ချက်ကြောင့် အကျဉ်းကျသူများအပေါ် စာနာစိတ်ဖြင့် လက်မှတ်ထိုးမှုတွင် ပါဝင်လာသည်ဟု ဆိုသည်။

“ကိုယ်ချင်းစာမိတယ်။ ကျနော်လဲ စက်တင်ဘာတုန်းက ဘုမသိ၊ ဘမသိ အဖမ်းခံလိုက်ရတယ်။ ၇ ရက်၊ ၈ ရက်လောက် အဆွဲခံရတဲ့ အချိန်မှာ တော်တော်လေး ခံစားလိုက်ရတယ်။ အကျဉ်းသားတွေဆိုရင်နှစ်ရှည် လများ ထောင်ထဲမှာ နေရတော့ အပြင်က သူတို့မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်သလဲ။ ဒီဟာကို လူသားချင်း စာနာတဲ့အနေနဲ့ ပါတာပါ” ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရေး လက်မှတ်ရေးထိုးမှုကို ဧပြီနောက်ဆုံးပတ်က စခဲ့ကာ နာရေးကူညီမှု အသင်းဝင်များနှင့် ဝန်ထမ်းများ၏ လက်မှတ်များကို အစိုးရထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှတဆင့် ပေးပို့သွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပါက အစိုးရသစ်အတွက် လူထုယုံကြည်မှု ရလာနိုင်ပြီး နိုင်ငံတကာတွင်ပါ မျက်နှာပန်းလှမည်ဖြစ်သဖြင့် ပြန်လွှတ်စေလိုကြောင်းနှင့် စွယ်စုံရအနုပညာရှင် ကိုဇာဂနာအတွက် အနုပညာရှင်များ ပါဝင်လက်မှတ်ထိုးသင့်ကြောင်း ဦးကျော်သူက တိုက်တွန်းသည်။

“အနုပညာလောက တခုလုံးက လုပ်ပေးသင့်တယ်။ ဒီကမ်ပိန်းကိစ္စမှာ ပါဝင်တက်ကြွသင့်တယ်။ မပါဝင်တဲ့သူကတော့ အတ္တသမားပဲ။ ကိုယ်ထိမှာကြောက်ပြီး မလုပ်ကြဘူး၊ အငြိုငြင်ခံရမှာ ကြောက်လို့ မလုပ်ကြဘူး။ လူသားစစ်စစ် ဖြစ်တယ်ဆိုရင် ဒါမျိုးက လုပ်သင့်တယ်” ဟု သူက ဆိုသည်။

NLD နှင့် ကွန်ယက်ဝင်များ ဦးဆောင်သည့် လက်မှတ်ထိုး လှုပ်ရှားမှုတွင် စာရေးဆရာကြီး ဒဂုန်တာရာ၊ သတင်းစာဆရာကြီး လူထုစိန်ဝင်း၊ ကာတွန်းအော်ပီကျယ် စသည့် စာပေနှင့် အနုပညာရှင်များ ပါဝင်ရေးထိုးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလလယ်မှ လှုပ်ရှားမှု စတင်ခဲ့ရာ ထိုလ ၂၅ ရက်က လက်မှတ် ၄ဝဝ ကျော်ကို သမ္မတ ဦးသိန်းစိန်ထံ လိပ်မူကာ နေပြည်တော် သမ္မတရုံးသို့ စာတိုက်မှ ပို့ခဲ့ပြီး ဖြစ်သည်။

kyawthuanduwt
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်၊ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အားနာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် တွေ့ရစဉ် (ဓါတ်ပုံမဇ္ဈိမ)
လက်မှတ်ရေးထိုး လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုတိုးကျော်လှိုင်က နာရေးအသင်းနှင့် ဦးကျော်သူ၏ လက်မှတ်ထိုး ဆန္ဒပြုမှုကို ကြိုဆိုလိုက်ပြီး ထပ်ရသည့် လက်မှတ် ၂ သောင်းကျော်ကို မကြာခင် ပေးပို့မည်ဟု ဆိုသည်။

“လက်မှတ်တွေ ၂ ခါထပ်တာမျိုး မဖြစ်အောင် စိစစ်နေတော့ အပတ်စဉ်ပို့မယ့် အစီအစဉ် မလုပ်တော့ဘဲ စုထားတဲ့ လက်မှတ် ၂ သောင်းကျော်ကို စစ်ပြီးမှ နောက်တပတ်ထဲမှာ သမ္မတရုံးကို လိပ်မူပို့မှာပါ။ ဒီ ၂ သောင်းကျော်ထဲမှာ အလွှာစုံ ပြည်သူတွေပါတာ တွေ့ရတယ်။ ဆရာဝန်၊ တေးရေးဆရာ၊ ကုန်သည်၊ အိမ်ရှင်မ၊ အစုံပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ အာဆီယံ အစည်းအဝေး ခရီးစဉ်မတိုင်မီ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသည့် သတင်းများ ရန်ကုန်တွင် ယခုရက်ပိုင်း ပေါ်ထွက်လာကာ ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင်ရှေ့တွင် အကျဉ်းသား မိသားစုဝင်များနှင့် သတင်းထောက်များ သွားရောက်စောင့်ဆိုင်းသည်ထိ ရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်မှသာ ဆက်ဆံရေးလမ်း ပွင့်နိုင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနှင့် ပြည်တွင်း၌ မြေအောက်လှုပ်ရှားသည့် ကျောင်းသားအဖွဲ့များ အပါအဝင် ၁၁ ဖွဲ့ကလည်း ကြေညာချက်ထုတ်ကာ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။

ထို့ပြင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီကလည်း နိုင်ငံရေး အကျဉ်းကျခံများ အပါအဝင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန် အစိုးရသစ်ကို ဧပြီ ၂၇ ရက်က တောင်းဆိုခဲ့သေးသည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ထုတ် စာရင်းများအရ မြန်မာအကျဉ်းထောင်များတွင် သံဃာတော် ၂၂၅ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိကြောင်း သိရသည်။

Thursday 5 May 2011

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ။နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ။ နိုဝင်ဘာ ၂၊ ၂၀၀၉။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ နာရေးကူညီမှု အသင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ အခုလို လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
အသစ်တက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လိုက်ချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ရှိနေပါတယ်။ လူထုအခြေပြု လူငယ်ကွန်ရက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေအနုပညာရှင်တွေကအစ ၀ိုင်းဝန်းပြီး တောင်းဆိုမှုတွေထဲ ပါဝင်ခဲ့ကြပြီး အခု နာရေးကူညီမှု အသင်းကြီးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။
ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေ ကင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီး အနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေ အတွင်းမှာ အဖွဲ့သားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။
“ကျနော်တို့ အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒအလျောက် လက်မှတ်ဝိုင်းထိုးတာကို ကျနော် တင်လိုက်တာပါ။ အားလုံး ၁၀၈ ယောက် ရပါတယ်။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီလက်မှတ်ကို ထိုးတာ။”
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ပြောသွားတာ ဖြစ်ပါတယ်။
စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် စတင် တာဝန်ပြောင်းယူချိန် မတ်လကစလို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လာနိုင်တယ်ဆိုပြီး အားလုံးက တွက်ထားပါတယ်။ တယောက်နဲ့တယောက် အပြန်အလှန် အခြေအနေတွေ မေးမြန်းကြ၊ စုံစမ်းကြတာမျိုးတွေနဲ့ အတူ အစိုးရဘက်ကလည်း လိုက်လျောမှုတွေ ရှိလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက အားလုံးမှာ ရှိနေပါတယ်လို့ တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် အချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ဆိုပါတယ်။
“ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ တခြားတွေ ဘာတွေ ညာတွေတော့ မသိပါဘူး၊ ကိုယ့်လူလွတ်တာပဲ လိုချင်တာပေါ့နော်။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။”
ဒီမျှော်လင့်ချက်တွေကို ဖြစ်လာစေတဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်မှာမို့ အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့အရေး ပြောဆိုမှုတွေ၊ ဖိအားပေးမှုတွေ ရှိလာနိုင်တဲ့အပေါ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ တုံ့ပြန်နိုင်ဖို့တွေ ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။
ဒါကြောင့် မနေ့ကနဲ့ ဒီနေ့တွေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ အင်းစိန်ထောင်ရှေ့မှာ သတင်းသမားတွေ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီနေ့အချိန်ထိတော့ ဘာသတင်းမှ မထူးလာသေးပါဘူး။
“မနက်မိုးလင်းကတော့ ရဲရယ်၊ ပေါ်ပေါ်ထင်ထင် သွားနေတဲ့ SB တယောက် လာမေးတယ်။ အခုညနေပိုင်းမှာ ဘာမှမရှိဘူး။ နောက် မီဒီယာတွေ ရှိတယ်။ မီဒီယာတွေက ဟိုနားတစု၊ ဒီနားတစုနဲ့ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကတော့ တယောက်တလေတော့ သတင်းကြားလို့ လာမေးတာတို့၊ မေးပြီး ပြန်သွားတာပေါ့။ ဒီ့ပြင် မရှိပါဘူး။”
ဒီနေ့ အင်းစိန်ထောင်ရှေ့က အခြေအနေ ဖြစ်ပါတယ်။
ဒီလို အနေအထားတွေ အားလုံးကို ကြည့်ခြင်းအားဖြင့် အစိုးရသစ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲမှာရော၊ အာဏာကနေ အနားယူသွားပြီလို့ ပြောနေတဲ့ စစ်ထိပ်တန်း ခေါင်းဆောင်ပိုင်းကြီးတွေ ကြားမှာပါ သဘောတူညီချက်တွေ မရနိုင်သေးတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။
“General Amnesty ခေါ်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု အချိန်က လနဲ့ချီ ကြာသွားပြီ။ အခုထက်ထိ မလာဘူးဆိုတော့ ကျနော်ကိုယ်တိုင်လည်း အံ့အားသင့်တယ်။ တဘက်ကလည်း စဉ်းစားကြည့်တော့ သူတို့ဘက်က ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ အဖွဲ့ကို လွှတ်ပေးသင့်သလား၊ လွှတ်မပေးသင့်ဘူးလား သူတို့ စဉ်းစားပြီး အတွေးခေါင်နေသလား၊ ဒါတချက်။
“နောက်တချက်က မင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ၆၅ နှစ် ချထားတော့ သူတို့ကလည်း ထွက်လာရင် နိုင်ငံရေးအရ လှုပ်ရှားမှု ဆက်လုပ်မယ်ဆိုတော့၊ သူတို့ အစိုးရကလည်း နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ မကြိုဆိုသေးတဲ့ အခါကြတော့ စိုးရိမ်ပြီး ထိန်းထားသလားတော့ မသိဘူး။ တွေးမိတာပဲ။ အခု မလာဘူး ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထဲမှာရော အရင်က အာဏာကိုင်ထားတဲ့သူတွေ ကြားထဲမှာရော ညှိနှိုင်းလို့ ရဟန်မတူဘူး ဆိုပြီးတော့ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။”
နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာ ရှိသလို ကျန်းမာရေး အခြေအနေ ဆိုးရွားသူတွေ၊ ထောင်ဝင်စာ ပုံမှန်မရကြတဲ့ ပြဿနာတွေအပြင် လွတ်ရက်ပြည့်ပေမဲ့လည်း အခုချိန်ထိ ဆက်လက် ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။

Tuesday 3 May 2011

အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့ စည်းရေး NLD က ပြန်လည် ရှင်းလင်း

အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့ စည်းရေး NLD က ပြန်လည် ရှင်းလင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ မေဒေးနေ့ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ ချုပ် ကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာသားမှာ အဓိပ္ပါယ်ကောက်ယူမှု လွဲချော်နိုင်တဲ့အတွက် ဒီကနေ့ ပြန်လည်ပြင်ဆင် ကြေညာ လိုက်ပါတယ်။

ပထမ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ဖွဲ့ စည်း တည်ထောင်ပြီး အလုပ်သမား အကျိုးကို NLD က အမြဲတမ်း ကာကွယ် စောင့်ရှောက်သွားမယ်လို့ ရေးသားထား ပါတယ်။

ဒီရေးသားချက်အရ အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင် ဖွဲ့စည်းမယ့်သဘော သက်ရောက် သွားခဲ့ပါတယ်။ တကယ်တမ်း ဆိုလိုချင်တာက အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင်ဖွဲ့ စည်းမှာ မဟုတ်ပဲ အလုပ်သမားအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့အခါမှာ NLD က ပံ့ပိုးကူညီသွားမယ်လို့ ဆိုလိုတာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

"ကျတော်တို့ အရင်ထုတ်လိုက်တဲ့အထဲမှာ ၀ါကျ အထားအသိုလွဲနေလို့ အဓိပ္ပါယ် နှစ်မျိုး သုံးမျိုး ပြောလာကြတယ်။ အဲဒါကြောင့်။ ဆိုလိုတဲ့ သဘောက အလုပ်သမား အဖွဲ့ချုပ်ကို NLD က ဖွဲ့မယ်ဆိုတဲ့ သဘော တချို့က သက်ရောက်နေတယ်။ အဲဒါကြောင့် အဲလို မဟုတ်ဘူး။ အလုပ်သမား အဖွဲ့ကတော့ ကိုယ့်ဖာသာကိုယ် ဖွဲ့ကြမယ်။ အဲလို ဖွဲ့ပြီးတဲ့ အခါမှာ အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမား အကျိုးအတွက် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်သွားမယ်လို့ အဲလို ပြင်တာပါ။"

တကယ်တမ်း အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့ စည်းရမယ့် ပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အလုပ်သမားတွေ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။

http://www.rfa.org/burmese/news/nld_clarifies_wording_on_union-05032011112412.html

--RFA Web Administrator

Sunday 1 May 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်မည်

Sunday, May 1, 2011


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဌာနချုပ်က မေလ (၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့အတွက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်း အမြဲတမ်းအလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကြေညာချက်တွင် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ ကာယလုပ်သား၊ ဉာဏလုပ်သား၊ အလုပ်သမားလူတန်းစား ပေါင်းစုံတို့ ခံစားနေကြရသော မတရားမှုများ အချိန်ပိုခိုင်းစေခြင်း၊ အခကြေးငွေများ ခေါင်းပုံဖြတ် အမြတ်ကြီးစားခြင်း အစရှိသောနစ်နာချက်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် လက်ခံထားသော (ILO) ပြဌာန်းချက်များနှင့်အညီ အခြေခံအလုပ်သမားအစည်းအရုံးများ အလုပ်ဌာနအလိုက်ဖွဲ့စည်း၍ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ် (Trades Union Congress) ဖွဲ့စည်းတည်ထောင်ပြီး အမြဲတမ်း အလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။
အဆိုပါ ကြေညာချက်ကို ကြေညာချက်အမှတ် ၈/၀၅/၁၁ ဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။