Wednesday 31 August 2011

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း

E-mail Print
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ၀န်းရံပေးကြရန် အကျဉ်းကျနေသည့်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရသစ်၏ အသုံးချခံမဖြစ်ရေးအတွက် ဂရုစိုက်ရန် သတိပေး လိုက်သည်။

208080-min_ko_naing
၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP)
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု ဆောင်ရွက်နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့အတွက် ဒီမိုကရေစီ အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။

ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော ပြောဆိုမှုများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတိရှိသင့်ကြောင်း ကိုကိုကြီးက  တိုက်တွန်းလိုသည်ဟု မိုင်းဆတ်အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို (ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းမင်းနှင့်  ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင်စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ အစွန်အဖျားရှိ  ရာသီဥတု ဆိုးရွားသောထောင်များ အပါအ၀င် နယ်ဘက် အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။

ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့်  အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယခုအခါ ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့်  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း  မိသားစုဝင်များက ပြောသည်။

Thursday 25 August 2011

ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို

ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို

2011-08-25
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှု မပြုဘဲ ပြန်လာခွင့်ပြုမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က RFA ကို သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုလိုက် ပါတယ်။
သမ္မတ ဦးသိန်းစိန် မကြာခင်က နေပြည်တော်မှာ ပြောကြားခဲ့သလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့မှုနဲ့ ပတ်သက်လို့ မကြာခင် အသေးစိတ် ထုတ်ပြန်ဖို့ အစိုးရက စီစဉ် ဆောင်ရွက်နေကြောင်း၊ ရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့သူများကလွဲလို့ ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရ ၀င်ရောက် စွက်ဖက်မှု မရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တရပ်ကို အခု ရက်ပိုင်း အတွင်း တရားဝင် ထူထောင် ဖွဲ့စည်းဖို့ အစီအစဉ် ရှိကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။ အဲဒီ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို အများက ကြည်ညို လေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လွတ် လပ်လပ် စုံစမ်း ဖော်ထုတ်မယ်လို့ သူက ပြောပါတယ်။ ဒီအကြောင်း ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင် ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Thursday 11 August 2011

“ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဆရာကြီးဒဂုန်တာရာ

 “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဆရာကြီးဒဂုန်တာရာ

ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြရန် စာရေးဆရာကြီး ဒဂုန်တာရာက သြဂုတ်လ ၇ ရက်စွဲဖြင့် ပန်ကြားလွှာ လက်ကမ်းစာရွက်များ ဝေငှနေကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောကြားသည်။
၂၀၁၁ နွေရာသီသို့ ရောက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည် တောက်လောင်လာခဲ့ကြောင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ပွဲ များ ပိုမိုများပြား ပိုမိုပြင်းထန်လာခဲ့ကြောင်း အသက်များစွာသေဆုံးနေရကြောင်းလည်း ယင်းကြေငြာချက်တွင် ဖော်ပြပါ ရှိသည်။
ဆက်ပြီး ပြည်တွင်းစစ်မီးသည် ပိုမိုပြင်းထန် ပိုမိုကျယ်ပြန့် ပိုမိုအသက်သေကြေ၊ အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာ ပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ်စိုးရိမ်လာကြရကြောင်း သေဆုံးသူများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား များ ဖြစ်ကြပြီး အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာများ ပျက်စီးဆုံးရှုံးရသည်မှာလည်း နိုင်ငံသားများ၏ အိုးအိမ် ပစ္စည်း၊ ဥစ္စာများသာဖြစ်ကြောင်း ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်ဆုံးရှုံးရသမျှ အိုးအိမ်ပစ္စည်း ဥစ္စာတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အသွေးအသားများဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြထားသည်။
ထိုဆုံးရှုံးမှုများကို ဆက်ပြီးမခံ ကြရစေရန် အချင်းချင်း တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်စဲပစ်ကြဖို့ မလုပ်မဖြစ်လို အပ်နေပြီး  သက်ဆိုင်ရာအားလုံး အချင်းချင်း အပစ်အခတ်ရပ်ရန် တွေ့ဆုံဆွေးနွေးပြီးခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန် အလေးအနက် မေတ္တာရပ်ခံထားကြောင်း ယင်းပန်ကြားလွှာတွင်ဖော်ပြထားသည်။
အဆုံးတွင် “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဒဂုန်တာရာ ၇.၈.၂၀၁၁ အောင်ပန်းမြို့ ရှမ်းရဠဟု ပါရှိသည်။

မေ၀င်းသစ်

(yangonchronicle သတင်းလွှာ၊ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြား” မှ
ကူးယူဖော်ပြပါသည်)