မြေမြှုပ်မိုင်း အသုံးပြုမှု အဆုံးသတ်ဖို့ ဒေါ်စု တိုက်တွန်း
By မစုမြတ်မွန်
တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု ရှိဖို့ဆိုရင် မြေမြှုပ်မိုင်း ပပျောက်ရေးကို ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အစိုးရတပ်တွေရော လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တွေပါ မြေမြှုပ်မိုင်းတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း သုံးစွဲမှု ရပ်တန်းက ရပ်ပါလို့ နိုင်ငံတကာမှာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့ကတဆင့် ပြောကြားထားတာ ဖြစ်ပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ICBL ဆိုတဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှု အဖွဲ့ကတဆင့် ဗွီဒီယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာ သာမန် အရပ်သား ပြည်သူတွေ၊ လက်နက်ကိုင် စစ်သားတွေ၊ တိုင်းရင်းသား အဖွဲ့တွေပါ ထိခိုက်သေကျေ ဒဏ်ရာရစေတဲ့ မြေမြှုပ်မိုင်းတွေကို ဆက်မသုံးကြဖို့ တောင်းဆိုထားပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မြေမြှုပ်မိုင်း ပပျောက်ရေးဟာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။
“ကျမတို့ အားလုံးဟာ လူသားချင်း စာနာတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ မလုပ်သွားဘူးဆိုရင် ကျမတို့ ပြည်ထောင်စုကြီးကို ငြိမ်းချမ်းအောင် လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါလိမ့်မယ်။ မြေမြှုပ်မိုင်းသုံးတဲ့ကိစ္စ ဆိုတာဟာ သူ့ဟာသူ ထီးထီးကြီး ရှိနေတဲ့ ကိစ္စတခု မဟုတ်ပါဘူး။ ကျမတို့ရဲ့ ပြည်ထောင်စုကြီး တခုလုံးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်တာကြောင့် အားလုံးဟာ တတ်နိုင်သမျှ မြေမြှုပ်မိုင်း သုံးတဲ့ အလေ့အကျင့်ကို အမြန်ဆုံး ပပျောက်အောင် လုပ်ကြပါစို့လို့ ကျမအနေနဲ့ ဆန္ဒပြုချင်ပါတယ်။”
ICBL အဖွဲ့ရဲ့ စာရင်းအရ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း ပပျောက်ရေး စာချုပ်မှာ ပါဝင် လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ရှိပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံကတော့ ပါဝင် လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကို အစိုးရတပ်တွေ ကိုယ်တိုင်က အမြောက်အမြား ပုံမှန်အသုံးပြုတဲ့ ကမ္ဘာပေါ်က တခုတည်းသောနိုင်ငံ ဖြစ်တယ်လို့လည်း ICBL က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ အများဆုံး ထုတ်လုပ်နေတဲ့ ၃ နိုင်ငံထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ အစိုးရကို တော်လှန် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း မြေမြှုပ်မိုင်းတွေကို အသုံးပြုနေကြတာပါ။
“လက်နက်ကိုင် တော်လှန်ရေး တပ်များဟာ မိမိတို့ရဲ့ လူမျိုးစုများ၊ မိမိတို့ရဲ့ ဒေသကို ကာကွယ်ချင်လို့ ဆိုပြီးတော့ လက်နက်ကိုင်ထားတယ် ဆိုရင် မိမိတို့ရဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ထိခိုက်မယ့် နည်းတွေတော့ မသုံးသင့်ဘူးလို့ ကျမတော့ ထင်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့လည်း ကိုယ့်ရဲ့ တိုင်းရင်းသားတွေကို ထိခိုက်မယ့်၊ ရိုးရိုး သာမန် အရပ်သား တိုင်းရင်းသားတွေကို ထိခိုက်မယ့် နည်းတွေကို မသုံးသင့်တဲ့အပြင် တပ်မတော်သားတွေကို အများကြီး ထိခိုက်တယ် ဆိုတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ တပ်မတော်သားတွေလည်း ဘ၀တွေ အများကြီး ပျက်သွားကြပါတယ်။”
မိုင်းထိလို့ ကိုယ်၊ လက် ထိခိုက်ဒဏ်ရာ ရသွားသူတွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်လာဖို့ ပြည့်ဝတဲ့ အကူအညီ ပေးနိုင်တဲ့ အခြေအနေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ တဘက်က မြေမြှုပ်မိုင်းသုံးတာ ရပ်မှ ကိုယ့်ဘက်ကလည်း ရပ်မယ်ဆိုတာမျိုး စောင့်မနေသင့်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ICBL အဖွဲ့ကတဆင့် တိုက်တွန်းထားပါတယ်။
“ကျမတို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆိုရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာမှု အများဆုံးရတဲ့ နိုင်ငံ ၃ ခုထဲမှာ အပါအ၀င် ဖြစ်တယ်။ အဲတော့ ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အင်မတန်မှ ထိခိုက်စေတဲ့ လက်နက်တွေ သုံးဖို့ ရှောင်တယ်ဆိုတာဟာ တာဝန်သိတဲ့ လက်နက်ကိုင်တပ်တိုင်း လုပ်ရမယ့် ကိစ္စပါပဲ။ မြန်မာ့တပ်မတော်ကလည်း လုပ်ရပါလိမ့်မယ်။ လက်နက်ကိုင် တခြား တော်လှန်ရေး တပ်တွေကလည်း လုပ်ရပါလိမ့်မယ်။
“သာမန် အရပ်သားတွေကို ထိခိုက်အောင် လုပ်တယ်ဆိုတာ တကယ်တော့ စစ်သည်ကောင်းများရဲ့ ကျင့်ဝတ်နဲ့လည်း မကိုက်ညီပါဘူး။ ကျမတို့ရဲ့ နိုင်ငံအပေါ်မှာ၊ ကျမတို့ရဲ့ လူမျိုးအသီးသီးပေါ်မှာ ထားသင့်တဲ့ သစ္စာတရားနဲ့လည်း မကိုက်ညီပါဘူးလို့ ကျမ ပြောချင်ပါတယ်။ ဒါကြောင့် ကျမကတော့ မြေမြှုပ်မိုင်းသုံးတဲ့ အလေ့အကျင့်ကို အမြန်ဆုံး ကိုယ့်ဘက်ကနေပြီးတော့ တဘက်က လုပ်ဖို့ မစောင့်ဘဲနဲ့ ကိုယ့်ဘက်ကနေ တာဝန်သိသိနဲ့ လုပ်နိုင်သလောက် လုပ်သွားစေချင်ပါတယ်။”
နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) အဖွဲ့က ရသလောက် ပြုစုထားတဲ့ စာရင်းအရ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၂၆၂ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲက ၂၅၉ ယောက်ဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။ စနစ်တကျ စာရင်းကောက်ဖို့ ခက်ခဲတဲ့ မြန်မာနိုင်ငံမှာ တကယ် သေဆုံးသူ အရေအတွက်ဟာ ဒီထက် အများကြီး များနိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးကတော့ ပြောပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မသန်စွမ်းသူတွေကို အကူအညီတချို့ ပေးတာမျိုး ရှိပေမဲ့ မြေမြှုပ်မိုင်း ထိထားတဲ့ ဒုက္ခသည်တွေရဲ့ ဘဝတွေ ပြန်လည်ထူထောင် ရပ်တည်နိုင်လာအောင် ကူညီပေးတဲ့ အစီအစဉ်မျိုး မြန်မာနိုင်ငံမှာ အခုချိန်ထိ မရှိသေးပါဘူး။
Monday, 27 June 2011
Sunday, 19 June 2011
Wednesday, 15 June 2011
Tuesday, 14 June 2011
မြန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြား
မြန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြား
By ဗွီအိုအေ (မြန်မာဌာန)
မြန်မာပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့ လိုအပ်သလို မြန်မာအလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ ရဖို့ လိုအပ်တဲ့အကြောင်း ILO အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကို ဒီနေ့ တနင်္လာနေ့ ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
တခါက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒေသတွင်းမှာ နောက်အကျဆုံး တိုင်းပြည်တခု ဖြစ်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ အားလုံး တခုနဲ့တခု ဆက်နွယ်နေတယ် ဆိုတာကို ILO မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတာဝန်တွေက မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကြိုးပမ်းရင်း ကလေးစစ်သား စုဆောင်းတာတွေအပြင် ဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်ရရေး ကိစ္စတွေကို ILO အနေနဲ့ မလွှဲသာ မရှောင်တာ ပါဝင် ဆောင်ရွက်လာရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။
တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှု အပေါ်မှာ မူတည်တဲ့ အကြောင်းနဲ့ ILO မျှော်မှန်း ယုံကြည်တဲ့အတိုင်း နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်တိုင်းပြည်မဆို နောက်ကျ ကျန်မနေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ နောက်ကျ ကျန်မနေအောင် ၀ိုင်းဝန်းကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာရပ်ခံ သွားပါတယ်။
ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူမှုရေး တရားမျှတမှုကို အခြေခံပြီး တည်ဆောက်ရမယ်ဆိုတဲ့ ILO ရဲ့ မူလ ကြေညာချက်နဲ့ ရပ်တည်ချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
Saturday, 11 June 2011
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့နဲ့ NLD ဦးဆောင်မှုဟာ ဖဆပလ နောက်ပိုင်း မှာ၊ အစင်ကြယ်ဆုံးနဲ့ အခိုင်မာဆုံး ရရှိထားတဲ့ ဦးဆောင်မှုပါ။.... တပ်မတော်(လေ) အရာရှိဟောင်း အငြိမ်းစားဗိုလ်ကြီး ဦးဇော်ညွန့်
တပ်မှူးတပ်သား ပြောစကား (၀၆၄)
၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင်း တရားရုံးတင်နေစဉ်မှာ၊ တကိုယ်တော်ဆန္ဒပြ မှုနဲ့ အဖမ်းခံခဲ့ရသူ၊ တပ်မတော်(လေ) အရာရှိဟောင်း အငြိမ်းစားဗိုလ်ကြီး ဦးဇော်ညွန့် ဟာ၊ မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ပြစ်ဒဏ်လျှောပေါ့ပေးမှုနဲ့၊ ပြန်လွတ်လာခဲ့ပါတယ်။ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးဇော်ညွန့်ရဲ့ မြန်မာ့နိုင်ငံရေးအတွေးအမြင်တွေကို၊ ဦရော်နီညိမ်းက မေးမြန်းဆွေးနွေး တင်ဆက်ထား ပါတယ်။
ဦးရော်နီညိမ်း ။ ။ ၁၉၈၈ ခုနှစ်မှာ ဦးဇော်ညွန့်ကို ပြည်တွင်းအခွန်များဦးစီးဌာနသမဂ္ဂ ဆိုင်းဘုတ်အောက် ကနေ ဆန္ဒပြနေတာကို ကျနော်တို့ တွေ့ခဲ့ဘူးပါတယ်။ နောက်တခေါက် ၂၀၀၇ ခုနှစ်မှာ၊ ကုန်ဈေးနှုန်းကျဆင်း ရေး ကိုထင်ကျော်အဖွဲ့နဲ့ ပူးပေါင်းဆန္ဒပြတာကိုလည်း ထပ်တွေ့ခဲ့ရပါတယ်။
ဗိုလ်ကြီးဇော်ညွန့် ။ ။ အဲဒီအချိန်အခါမှာ ကျနော်ဟာ ဘုန်းကြီးကျောင်းတကျောင်းမှာ (၁၀) တန်း ကလေး တွေ၊ တော်တော်ဆင်းဆင်းရဲရဲပါပဲ၊ အဲဒီမှာ စာသင်နေတာ။ နေ့ကျောင်းမတက်နိုင်တဲ့ မနက်အစောကြီးငါးခုတ် ပြီးတော့ ဈေးကိုအရောက်ပို့ဖို့ လုပ်ကြရတဲ့ကလေးတွေဗျာ။ အဲဒီ (၁၀)တန်း လူငယ်တွေကို စေတနာ့ဝန်ထမ်း ရန်ကုန်မှာပဲ၊ အဲဒီလိုသင်နေရင်း လောင်စာဆီဈေးတွေ မြှင့်လိုက်တဲ့အခါကျတော့ ဘာဖြစ်လဲဆိုရင်၊ ကျနော့် ဆီက ကလေးတွေ ထဲက သုံးပုံတပုံလောက်ဟာ နေ့ချင်း ညချင်းကို ပြုတ်ထွက်သွားတယ် ဗျ။ လာမတက်နိုင် တဲ့ အထိ ဖြစ်သွားတော့၊ နောက်တခါ အဲဒီရက်ပိုင်းမှာ လူထုကိုယ်တိုင်က ဒီလောင်စာဆီဈေးတွေ မြှင့်တင်မှု ကို လူထုမှာလည်း အခက်အခဲ အကြပ်အတည်းတွေ မကျော်နိုင်လောက်အောင် ဖြစ်ပြီ ဆိုပြီး၊ ကိုထင်ကျော် တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့၊ ဒီဥစ္စာတော့ ဆန္ဒဖေါ်ထုတ်မှ ရမယ်ဆိုပြီးတော့၊ ကျနော် ပါဝင် ဆောင်ရွက်ခဲ့တာ ပါ ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒီကိစ္စအတွက် ဦးဇော်ညွန့် အကျဉ်းထောင်မှာ ကျခဲ့တာကို၊ အဲဒီအချိန်က မီဒီယာတွေ မှာ တွေ့ခဲ့ပါတယ်။ အဲဒါ ဘယ်လောက် ကြာခဲ့ပါသလဲ ခင်ဗျ။
မီးခြစ်တစ်ဆံ (သို့ မဟုတ်) ပြည်သူ့ တပ်မတော်သားကောင်းတစ်ဦး (သို့ ) ဒီမိုကရေစီရရှိရေးတော်လှန်တိုက်ပွဲဝင် သူရဲကောင်းတစ်ဦး။

မီးခြစ်တစ်ဆံ။
(၁)
အနှစ်၂၀ ဆိုပါလားဟေ့ … ။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက
ကြောင်သူတော်သောကနဲ့လေ … ။
အနှစ်၂၀ ဆိုပါလားဟေ့ … ။
ကောက်ကျစ်သော အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့ 
လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ … ။
အနှစ်၂၀ ဆိုပါလားဟေ့ …။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာမှန်သမျှ မုသားပုဒ်မနဲ့လေ…။
အနှစ်၂၀ ဆိုပါလားဟေ့ …။
ရုပ်မှာ အာဏာနဲ့ ကျည်ဆန်
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။
(၂)
“မီးပွားကလေးကနေပြီး မီးတောက်ကြီးဖြစ်လာတဲ့အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့ အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို လောင်စားသွားလိမ့်မယ်…” (ဂေါ်ကီ)
မောင်သော်ကရဲ့ ‘မီးခြစ်တဆံ’ ဟာ
နောင် … အနှစ် ၂၀ ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။
(မောင်သော်က (ခ) ဗိုလ်မှူးဘသော်)။
အထက်ဖေါ်ပြပါကဗျာကတော့ ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်) (ကွယ်လွန်) ရဲ့  အကျဉ်းထောင်အတွင်းမှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။
Tuesday, 7 June 2011
၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ
6.07.2011
၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ၂၀၁၁-ဇွန်လ (၆)ရက်နေ့တွင် (၃၇)နှစ်မြောက် အလုပ်သမား အ ရေးအခင်း နှစ်ပတ်လည်နေ့နှင့် ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားများဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုအား ရန်ကုန်မြို့ရှိ ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ ၁၉၇၄-အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄-ဒီဇင်ဘာ ဦးသန့်အရေးအခင်း ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း(ခေါ်) ရွှေတိဂုံ အရေးအခင်းနှင့် ၁၉၇၆-မတ်လ မှိုင်းရာပြည့်အရေးအခင်းသို့တွင် ဖမ်းဆီးထိမ်းသိမ်းခံ ခဲ့ရသည့် အလုပ်သမား/ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါ နှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံး ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိမ်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစုံညီစွာ တက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း-၅၀ နည်းပါးခန့်တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော နိုင်ငံရေးအကျဉ်းဟောင်းများက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူများ၏ မေတ္တာရပ်ခံလွှာတွင် ပါဝင် စုပေါင်းလက်မှတ်ရေးထိုးကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိလွတ်ပေးရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ အလေးအနက် ထပ်မံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် နှစ်စဉ် ဇွန်လ (၆)ရက်နေ့ကို ၇၄-၇၅-၇၆ အထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ နေ့အဖြစ် သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်း ခေတ်သစ် နိုင်ငံရေး အကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ကို သင့်လျော်သည့် နေ့တစ်နေ့ သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြု တင်ပြခဲ့သည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သ မားနိုင်ငံရေးအကျဉ်းသားဟောင်းကြီးများနှင့် အခြား နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးများအား ထောက်ပံ့ငွေများပေးအပ်ကြသည့်အပြင် လက်ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း (၅) ဦး၏ မိသားစုများအတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ြ
Monday, 30 May 2011
ဟောင်ကောင်တက္ကသိုလ်နှစ် ၁၀၀ပြည့်---ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား
ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား
By ဒေါ်ခင်မျိုးသက် တနင်္လာ, 30 မေ 2011
ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်ကတဆင့် ဖြေကြားသွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။

ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်တို့ ရန်ကုန်တွင် တွေ့ဆုံစဉ်။
အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

Sunday, 29 May 2011
ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 
ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 
U Tin Oo's Introductory remark
ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ
ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း
ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင်
ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဒီပဲယင်းအ၀င်လမ်း
၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ
အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း
မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်
ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

၉၀ ရလဒ်သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော
၉၀ ရလဒ်သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော
လင်းသန့် Friday, 27 May 2011 18:10
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခြင်းသည် ပြည်သူ့ဆန္ဒကိုချေဖျက်ခြင်းဖြစ်ပြီး ဒီမိုကရေစီမဆန်ဘဲ တိုင်းပြည် ၏ သမိုင်းအတွက် သိက္ခာကျစေသောလုပ်ရပ်ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသော၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတနိုင်ငံ ဂုဏ်သိက္ခာရှိဖို့ဆိုတာက ပြည်သူ့ဆန္ဒကိုလေးစားရမယ်။ ပြည်သူကို မလှည့်ဖျားရဘူး၊ အခုစကား တမျိုး ပြော၊ နောက် စကားတမျိုးပြော လုပ်လို့မရဘူး၊ ၉၀ ရလဒ် အသိအမှတ်မပြုတာကို ကျမတို့က အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မျှော်လင့်ချက်တွေပေးပြီး ချေဖျက်လို့ မလုပ်ကောင်းတဲ့ကိစ္စ”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီ မရှိသော နိုင်ငံများတွင်လည်း ရွေးကောက်ပွဲ ရှိနေ ကြောင်း၊ ဒီမိုကရေစီ ရှိမရှိ တိုင်းတာနိုင်သည့် အချက်တခုမှာ တရားဥပဒေ စိုးမိုးရေးဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် နိုင်ငံ ရေးလုပ်သူများကို တရားဥပဒေနဲ့အညီ ဖမ်းဆီးအကျဉ်းချခဲ့ခြင်း မဟုတ်ဘဲ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း NLD ဌာနချုပ်တွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
NLD ဌာနချုပ်၌ ယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ စုစုပေါင်း တက်ရောက်သူ ၁၀၀၀ ကျော်တက်ရောက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်များက လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ ကို ဂုဏ်ပြုစကားများ၊ အားပေးစကားများ ပြောကြားပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း ကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်းများကို ပြန်လည် ပြောကြားခဲ့ သည် ဟု သိရသည်။
“လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲတာ သတ္တိလို့ ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ်။ ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ။ ကိုယ်တယောက်ချင်း အတွက်မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာ သောနိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ပြောသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်ကလည်း“ဦးတင်ဦးက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုစကားပြောတယ်၊ ပြီးတော့ လွတ်ငြိမ်းချမ်းသာ က အစစ်မဟုတ်လို့ ဒီထက်ပိုပြီး တကယ့် နိုင်ငံရေးအကျဉ်းသားတွေ ထပ် လွတ်စေဖို့ လုပ်ဆောင်သွားမယ်လည်း ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။
နေ့လယ်ပိုင်းတွင် စာတမ်းဖတ်ပွဲအနေဖြင့် စာတမ်းသုံးဆောင်ကို ဖတ်ကြားကြောင်း သိရသည်။ ပထမဦးစွာ ၁၉၉၀ ရွေးကောက်ပွဲအား တိုင်းရင်းသားပါတီများ အဘယ်ကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဆိုသည့် တိုင်းရင်းသားများ၏ အမြင် ဆိုင်ရာ စာတမ်းကို ရှမ်း တိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ ဦးစိုင်းစောအောင်က လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အကြောင်းအရင်းများကို NLD မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းမြင့်က လည်းကောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲကို အဘယ်ကြောင့် ၀င်ရောက်မယှဉ်ပြိုင်ကြောင်း စာတမ်းကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက လည်းကောင်း ဆွေးနွေးသွားကြသည်။
“ကိုဖြိုးမင်းသိန်း စာတမ်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို နိုင်းယှဉ်ပြီး ကြံ့ခိုင်ရေးပါတီဟာ လူမှုရေး အသင်းကနေ ရွေးကောက်ပွဲနီးမှ ပါတီပြောင်းလိုက်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီမရှိဘူး ဆိုတာတွေကို ဆွေးနွေးသွားတယ်”ဟု ဦးဝင်းထိန် က ရှင်းပြသည်။
အဆိုပါအခမ်းအနားသို့ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်မှာ မိန့်ခွန်းပြောရန် စီစဉ် ထားခဲ့သော် လည်း ကျန်းမာရေးချို့ယွင်းနေသည့်အတွက် တက်ရောက်လာနိုင်ခြင်းမရှိကြောင်း စာတမ်းဖတ်ကြားခဲ့သူ ကိုဖြိုးမင်းသိန်း က ပြောသည်။
“ဒီနေ့ အခမ်းအနားက တော်တော်စည်တယ်။ တက်လာတဲ့သူတွေက ခန်းမအပြင်မှာတွေရော ရုံးချုပ်အပြင်ဘက်ထိပါ ပြည့် လျှံနေတာ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ယခုနှစ်ကျင်းပခဲ့သော ရွေးကောက်ပွဲအောင်ပွဲ နှစ်ပတ်လည်အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး နေ အိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီး ပထမဆုံး ကျင်းပခြင်းဖြစ်သည်။
NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတ၀န်း ဆန္ဒမဲ ၈၀ ရာခိုင်နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့် ပါတီဖြစ်သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေး ရန်တာဝန် ပျက်ကွက်ခဲ့ သည်။
ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။

Saturday, 21 May 2011
Friday, 20 May 2011
တွေ့ ဆုံဆွေးနွေးမှသာ ပြဿနာပြေလည် နိုင်ကြောင်း ကိုဌေးကြွယ် ပြောဆို
တွေ့ ဆုံဆွေးနွေးမှသာ ပြဿနာပြေလည် နိုင်ကြောင်း ကိုဌေးကြွယ် ပြောဆို
-အောင်မျိုးထွန်း -20,5, 2011။-

ကိုဌေးကြွယ်
မြန်မာနိုင်ငံရဲ့ ပြဿနာ တွေ ပြေလည်ဖို့  ဆိုရင် အကြောင်းအရာ တစ်ခုချင်း ဆီ ဆန်စင်ရာ ကျည်ပွေ့ လိုက်သလို ဖြေရှင်းဖို့ ကြိုးစား နေတာမျိုးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုနဲ့  တွေ့ ဆုံဆွေးနွေး ဖြေရှင်းသင့်တယ်လို့  ဘူးသီးတောင် ထောင်မှာ အကျဉ်းကျ နေတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ပြောလိုက်ပါတယ်။
ဦးသိန်းစိန်အစိုးရက အကျဉ်းသားတွေကို တစ်နှစ်လျှော့ပေါ့ ပေးလိုက်တယ်ဆိုတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ထွက်လာပြီး နောက်တစ်နေ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ တဲ့အခါ ပြောဆို လိုက်တာပါ။
လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက် အပေါ်မှာလည်း သူတို့ လိုနှစ်ရှည် အကျဉ်းကျ သမားတွေ အတွက်တော့ ဟာသတစ်ခုသာ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။
ကိုဌေးကြွယ်က ထောင်ဝင်စာသွားရောက်တွေ့ ဆုံခဲ့တဲ့ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းက RFA ကို အခုလိုပြော ပါတယ်။
“တိုင်းပြည်ရဲ့ အခြေအနေတွေကိုပေါ့နော်၊ ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေပေါ်မှာဘဲ လိုက်ပြီး ဆောင်ရွက် နေတာနဲ့ စာရင် အပြောင်းအလဲ တစ်ရပ်ကို ဖြစ်စေ နိုင်မယ့် တွေ့ ဆုံဆွေးနွေး မှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုနဲ့ ဆောင်ရွက် သင့်တယ်လို့ ဒါ သူတို့ ကတော့ အဲဒီလိုအမြင် ရှိတယ်ပေါ့ဗျာ..”
အရင်အစိုးရလက်ထက်မှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေကို ထောင် (၆၅)နှစ်နဲ့  (၆)လစီ ချမှတ်ခဲ့ပါတယ်။
လက်ရှိ ဦးသိန်းစိန်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး အကျဉ်းသား ပေါင်း တစ်သောင်းခွဲနီးပါး လွှတ်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ဦးရေ အနည်း အကျဉ်းသာ ပါဝင်ခဲ့ ပါတယ်။
ဘူးသီးတောင်ထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၂)ဦးဘဲရှိတယ်လို့ သိရပါတယ်။
မျှဝေပေးပို့ သူ-- အောင်မျိုးထွန်း
RFA မြန်မာပိုင်းသတင်းမှ ကူးယူပေးပို့ ပါသည်။
အစိုးရသစ်၏ အကြံပေးဆိုသူတို့နှင့် အတိုက်အခံတို့  အခြေအနေ သဘောထားကို စဉ်းစားချင့်ချိန် နိုင်ပါရန်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။ ( ဟစ်တိုင်)
20,5, 2011

Subscribe to:
Comments (Atom)