Monday, 11 April 2011

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ....အပိုင်း(၂) ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး

တပ်တွင်းမှ အဖြစ်မှန်များ အနေနှင့် တပ်မတော်တွင် အောက်ခြေ လူတန်းစားတစ်ရပ်ဖြစ်သည့် အခြားအဆင့်များနှင့် မိသားစုများသည် ကျွန်များသဖွယ် ဖြစ်နေကြသည်။ တပ်မတော်အတွင်း ဝင်ခါစမှာတော့ နိုင်ငံကို ကာကွယ်ဖို့ဖြစ်သည်။ သို့သော် တပ်မတော်အတွင်း တကယ် ရောက်သွားသောအခါ ဗိုလ်ချုပ်ကြီးများ၊ မိသားစု ဆွေမျိုးများ၏ အသက်ကိုသာ ကာကွယ်နေရသည့် ကျွန်များသာ ဖြစ်သွားကြသည်။ တပ်အလုပ်များအပြင် ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ကတော်ဆိုသူများ၏ ခိုင်းစေမှုများ၊ ၄င်းတို့ သားသမီးများ၏ ခိုင်းစေမှုများ၊ မဆီမဆိုင် ဆွေမျိုးတော်စပ်သူများ၏ ခိုင်းစေနေမှုများကိုပါ အခမဲ့ လုပ်ကိုင်ပေးနေရသည်။

၎င်းအဖြစ်အပျက်များသည် တာဝန်ထမ်းဆောင်သူ စစ်သည် တစ်ဦးတည်းသာ ကျွန်ဖြစ်နေသည် မဟုတ်။ ယင်းစစ်သည်၏ မိန်းမ၊ သားသမီးများပါမကျန် ၄င်းတို့၏ကျွန်များ ဖြစ်နေကြရသည်။ အမှန်တကယ်ဆိုလျှင် ရဲဘော်သည်လည်း လူသားတစ်ယောက်ပင် ဖြစ်သည်။ ၄င်းတွင်လည်း မိသားစုရှိသည်။ နိုင်ငံတော်ကို ကာကွယ်ရန် တပ်မတော်သို့ ဝင်လာသောသူသည် စစ်သည်တစ်ဦးတည်းသာ ဖြစ်သည်။ သူ၏တာဝန်မှာ စစ်တိုက်ရန်သာဖြစ်ပြီး ကလေးထိန်းရန် မဟုတ်ပါ။

စစ်သည်၏ မိသားစုသည် ၄င်းစစ်သည်၏ ဘဝဖြစ်သည်။ စစ်တပ်အကြီးအကဲ၏ မိသားစုသည်လည်း စစ်တပ်နှင့်မဆိုင်။ စစ်သည်တစ်ယောက်ကို ဆန္ဒမပါဘဲ အတင်းအကြပ် ခိုင်းစေပိုင်ခွင့်မရှိ။ ထို့ထက်ပိုလျှင် ယင်းစစ်သည်၏ မိသားစုများကိုပါ အကြီးအကဲဆိုသူက ခိုင်းစေခွင့် မရှိရပါ။ အကြီးအကဲ၏ ဇနီး သားသမီးဆိုသူများက ယင်းစစ်သည်နှင့်တကွ ယင်းစစ်သည်၏ မိသားစုများကိုပါ ခိုင်းစေခွင့် မရှိရ။ သက်ဆိုင်သော အကြီးအကဲသည် သက်ဆိုင်သော စစ်သည်အား နိုင်ငံတော်တာဝန်၊ တပ်တာဝန်များကိုသာ ခိုင်းစေသင့်သည်။ ယခုတော့ ထိုသို့မဟုတ်ပါ။ အကြီးအကဲဆိုသူများ၏ ဇနီးများ၊ သားသမီးများက တပ်မတော်သား စစ်သည်တစ်ဦး အပါအဝင် ဇနီးနှင့်သားသမီး မိသားစုများကိုပါ အော်ချင်အော်၊ ဟောက်ချင်ဟောက်၊ ဆဲချင်ဆဲ၊ ၄င်းတို့ အဖိုးအခ ပေးထားသော အခိုင်းအစေများသဖွယ် ခိုင်းစေနေကြသည်မှာ အစဉ်အလာသဖွယ် ဖြစ်နေကြပေသည်။

ဝမ်းနည်းဖွယ်ရာ ပဒေသရာဇ်စနစ်မှ အမူအကျင့်များ ရှိနေသေးသည်။ ခိုင်းတာလုပ် ပြန်မပြောနဲ့၊ မဝေဖန်နဲ့ ဟူသော အမိန့်ပေးမှုများက တပ်မတော်အတွင်း ပြည့်နှက်နေပေပြီ။ လိုရင် လိုသလို၊ မလိုရင် မလိုသလို အပြစ်ပေး အရေးယူမှုများလည်း ရှိသည်။ သေချာတွေးကြည့်လျှင် လက်အောက် ရဲဘော်များသည်သာ တပ်မတော်၏ အဓိက အားထားရာ ဖြစ်သည်။ နိုင်ငံတော်ကို အသက်ပေး ကာကွယ်နေသူများ၊ မိသားစုဘဝ အပျက်ခံ ကာကွယ်နေသူများ၊ ဘဝအနာဆုံး ပေးဆပ်နေသူများသည် ရဲဘော်များသာ ဖြစ်သည်။

ယင်းကို အကြီးအကဲဆိုသူများက တပ်မတော်တရပ်လုံး အကြီးအကဲများပါမကျန် ဆွဲထည့်လို့ နိုင်ငံတော်ကို ကာကွယ်နေသည်ဟု ဆိုကြသည်။ စည်းစိမ်ရစ်လို့ ကြွယ်ဝချမ်းသာ နေကြသည်က အကြီးအကဲများဖြစ်ပြီး ဆင်းရဲတွင်းနက်လို့ ဖြစ်သလိုစား ဖြစ်သလိုဘဝနဲ့ သေဆုံးသွားရသူများက လက်အောက်ငယ်သား ရဲဘော်များပင်ဖြစ်သည်။

တပ်မတော်နှင့် ဌာနဆိုင်ရာများတွင် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ ရဲဘော် သားသမီးများသည် နိုင်ငံခြားသွားရောက်ခွင့် မရှိ။ ဤသည်ကို လူဝင်မှုကြီးကြပ်ရေးရုံးတွင် အခြားအဆင့်ရဲဘော်၏ သမီးတစ်ဦး နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်လို၍ နိုင်ငံကူးလက်မှတ် ထုတ်ယူရန် လိုအပ်သော ပုံစံ (၁ဝ) နှင့် ပုံစံ (၁၇) အတွက် တောင်းယူနေစဉ် လဝကမှ ဝန်ထမ်းက ပြောဆိုနေခြင်းကို ကြားခဲ့ရသည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များ၊ အကြီးအကဲဆိုသူများ၏ သားသမီးများကတော့ နိုင်ငံခြားတွင် အလုပ်လုပ်ရန်ပင် မဟုတ်၊ ပညာသင်လို့ကောင်း၊ ဈေးဝယ်ထွက်လို့ကောင်း၊ Night Club တက်လို့ ကောင်းနေကြသည်။ ဤသို့ဆိုလျှင် ၄င်းတို့ ထုတ်ပြန်ထားသော အမိန့်များသည် အဘယ်မှာ တရားမျှတပါမည်နည်း။ အခြားအဆင့် ရဲဘော်များ၏ သားသမီးများ၊ မိသားစုများ မကောင်းစားရ၊ အခွင့်အရေး မရှိစေရ၊ မကြီးပွားစေရဟူသော အမိန့်နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။

တကယ်ဆိုလျှင် ရဲဘော်သားသမီးသည်လည်း လူသားပင်ဖြစ်သည်။ သူ့ဘဝရှေ့ရေးအတွက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တိုးတက်ပိုင်ခွင့်၊ တက်လှမ်းပိုင်ခွင့် ရှိသင့်ပေသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး လမ်းပြပေးနေသော အစိုးရတရပ် အနေဖြင့် လူတစ်ဦးတစ်ယောက်၏ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးများကို နားလည်ပေးနိုင်ရမည်၊ အခွင့်အရေးများ ပေးနိုင်ရမည်။ ၄င်းတို့ ကိုယ်တိုင်ကပင် ဒီမိုကရေစီ၏ စံနှုန်းများအတိုင်း လိုက်နာကျင့်သုံးနေရတော့မည်။ ထိုသို့မှ မဟုတ်လျှင်တော့ ၄င်းတို့ စီစဉ်ပေးထားသော ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ဟန်ပြလုပ်ဆောင်နေတဲ့ အတုအယောင် ဒီမိုကရေစီသာ ဖြစ်ပါလိမ့်မည်။

ယနေ့ကျင်းပနေသည့် လွှတ်တော်တွင် သဘာပတိဆိုသော ပုဂ္ဂိုလ်ကြီးများမှာ မကြာသေးခင်အချိန်က ဗိုလ်ချုပ်ကြီး ယူနီဖောင်းဝတ်သူများဖြစ်ပြီး အရပ်ဝတ်လဲကာ လူသူမရှိသော မဲဆန္ဒနယ်များတွင် အသားလွတ် အနိုင်ယူ တက်ရောက်လာသူများ ဖြစ်သည်။ အခြားနယ်မြေ မဆိုထားနှင့် သူတို့၏ ဇာတိနယ်မြေများတွင်ပင် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ စိုးရွံ့ကြသည်မှာ မြေကြီးလက်ခတ် မလွဲဧကန် ဖြစ်ပါသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးနေပါပြီဆိုသော အသံသာ ထွက်လာပါမည်။ လက်တွေ့မှာ ပဒေသရာဇ်စနစ်အတိုင်းသာ ဆက်လက် ရှိနေပေဦးမည် ဖြစ်ပါသည်။ ပြည်သူလူထုတွင် ဘာအခွင့်အရေးမှ ရှိမည်မဟုတ်။ သို့ဆိုလျှင် မြန်မာနိုင်ငံသည် ယခင်အတိုင်းသာ ရှိနေပါဦးမည်။ ဘာမှတော့ ထူးခြားလာမည် မဟုတ်ပါ။ သို့ဆိုလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီအရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူများ၊ အာဏာရှင်များ၏ အကျဉ်းထောင်များထဲတွင် ဘ၀နေ၀င်ချိန်အား စောင့်စားရင်း ပေးဆပ်နေကြသူများအား အဘယ်သို့ သမိုင်းကြွေး ဆပ်ကြမှာလဲ။ မျိုးဆက်သစ်တို့အတွက် အဘယ်သို့ တာဝန်ကျေပြွန်စွာ လူသားအခွင့်အရေး ပေးအပ်နိုင်ပါမည်လဲ စဉ်းစားရင်း……..

No comments:

Post a Comment